SUSHI 壽司

let's go .....

Free Image Hosting at allyoucanupload.com

မင်းကိုချစ်တယ်

星期四, 4月 20, 2006

Sai Sai Birthday Party

(Monday - 10.04.06)
အဲဒီနေ့ဟာ ဧပြီလ ၁၀ ရက်နေ့ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ သူရဲ့မွေးနေ့ကို ပရိသတ်တွေနဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပခဲ့ပါတယ်။ အသက် ၂၇-နှစ်ပြည့်တဲ့ အဆိုတော်၊ မင်းသား စိုင်းစိုင်းရဲ့ ပရိသတ်တွေက Birthday Party ကျင်းပရာ ကန်တော်ကြီးဥယျာဉ်ရှိ မျှော်စင်ကျွန်းကို စုဝေးရောက်ရှိလာကြတယ်။ ဒီပွဲဟာ စိုင်းစိုင်းနဲ့ သူငယ်ချင်းများသာ ဖျော်ဖြေမယ့်ပွဲ ဖြစ်တဲ့အတွက် သူ့ရဲ့ One Man Show လို့ အမည်တပ်ကောင်းတပ်နိုင်ပါလိမ့်မယ်၊ ဒါပေမယ့် မွေးနေ့ပါတီဆိုတဲ့ အဖြစ်က ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုပြီးနှိုးဆွပေးနိုင်ခဲ့ပါတယ်။

ရောက်လျှင်ရောက်ချင်း ထူးခြားတဲ့အပြင်အဆင်ကို မြင်တွေ့ရပါတယ်။ မျှော်စင်ကျွန်းရဲ့ အလယ်မှာ တကယ့်လက်ဝှေ့ကြိုးဝိုင်းတစ်ခုကို ဆင်ထားတယ်။ စင်မြင့်နဲ့ ကြိုးဝိုင်းကို လျှောက်လမ်းတစ်ခုနဲ့ ဆက်ထားတယ်။ စင်မြင့်ရဲ့ ဘယ်ဘက်တစ်ခြမ်းစာကိုတော့ Alpine သောက်ရေသန့်ရဲ့ ပိုစတာကြီးက ခန့်ခန့်ညားညားနေရာယူထားတယ်။ ပရိသတ်တွေက လျှောက်လမ်း ဘေးဘယ်ညာတစ်ဖက်စီမှာနဲ့ ကြိုးဝိုင်းဘေးပတ်လည်မှာ ၀ိုင်းဝန်းနေရာယူထားကြတာကို တွေ့ရပါတယ်။ စင်မြင့်နောက်ဘက်ခြမ်းမှာ စိုင်းစိုင်းနဲ့ သူငယ်ချင်းများ၊ ပါဝင်ကူညီမယ့် အနုပညာရှင်များရဲ့ ပွဲမ၀င်ခင် နောက်ဆုံးအကြိမ် ပြန်လည်လေ့ကျင့်မှုတွေနဲ့ ဇာတ်တိုက်နေကြတာကို တွေ့ရတယ်။

ပွဲကို လက်ဝှေ့ပွဲများမှာလို Round 1,2,3,4 ခွဲခြားပြီး ဖျော်ဖြေခဲ့တယ်။ ပွဲစတယ်ဆိုတာနဲ့ မော်ဒယ်မလေးက Round 1 ဆိုတဲ့ကဒ်ပြားကြီးကို မြှောက်ကိုင်ပြီး စင်မြင့်ထက်ကနေ လက်ဝှေ့ကြိုးဝိုင်းဆီကို လျှောက်ပြတယ်။ အလွန်ကြည့်လို့ကောင်းသလို လျှောက်လမ်း မညီမညာပေါ်မှာ မော်ဒယ်လေးရဲ့ ချွန်မြနေတဲ့ ဒေါက်ဖိနပ်နဲ့မို့ သူ့ကိုယ်စား ရင်တမမလည်း ဖြစ်ရတဲ့ အချိန်အခါပါ။ အဲဒီနောက် စိုင်းစိုင်းနဲ့ သူငယ်ချင်းတွေရဲ့ သီချင်းတွေကို နားဆင်ရပါတယ်။ ငယ်ငယ်၊ နန္ဒစိုင်း၊ ကောင်းမြတ်လေး၊ ဂျွန်တို့ ၀န်းရံကာ သူ့ရဲ့နာမည်ကျော် သီချင်းတွေ ဆက်တိုက်သီဆိုပါတော့တယ်။ မိုးမိုး(တစ်တီတူး)နဲ့အတူ “အထီးကျန်”သီချင်းလေးအတွက် မိုးမိုးက ကီးဘုတ်တီး စိုင်းစိုင်းက ဂစ်တာတီးပြီး ဆိုဖို့ပြင်ဆင်ထားခဲ့ပေမယ့် စိုင်းစိုင်းရဲ့ မိုက်ခ်အသံမထွက်တော့ ပရိသတ်တွေကပဲ အစအဆုံးဆိုပေးလိုက်ကြတာက ထင်မှတ်မထားတဲ့ ကြည်နူးဖွယ်ရာ အခိုက်အတန့်လေးဖြစ်ခဲ့ပါတယ်။ Round တစ်ခုမှာ သီချင်း ၇-ပုဒ် ၈-ပုဒ်ခန့် ထည့်ပြီး စီစဉ်ထားပါတယ်။ ကြိုးကြာနဲ့ ကောင်မလေးသီချင်းဆိုအပြီးမှာ ကြိုးကြာက ဟာမိုနီလိုက်ပေးထားတဲ့ သီချင်းအသစ်တစ်ပုဒ်ကို ထည့်ဆိုတယ်။ ကြိုးကြာနဲ့စင်ဒီတို့ ညီအစ်မကလည်း သူတို့သီချင်းနဲ့ ထပ်မံဖျော်ဖြေခဲ့ပါသေးတယ်။

Round 3 အပြီးမှာ Birthday Cake ကြီးကို ကြိုးဝိုင်းထဲ သယ်လာပြီး သူငယ်ချင်းအပေါင်းအသင်းများ ၀ိုင်းရံကာ မွေးနေ့အထိမ်းအမှတ်ကို ကျင်းပပါတော့တယ်။ Happy Birthday To You.. လို့ ပရိသတ်တွေက ၀ိုင်းဝန်းသီဆိုပေးကြတယ်။ မွေးနေ့ကိတ်ကို လှီးပြီးတဲ့အခါ စင်အောက်က ပရိသတ်တွေဆီသွားပြီး ခွံ့ကျွေးကြတာမို့ ပရိသတ်တွေအတွက် ပျော်စရာကောင်းခဲ့တဲ့ ညတစ်ခုပါပဲ။ ဒီပွဲမှာ အိတ်၊ ဦးထုပ်၊ ထီး အစရှိတဲ့ လက်ဆောင်ပစ္စည်းတွေကို ပရိသတ်တွေကြား ပစ်ကြဲပေးခဲ့တာ တွေ့ရသလို Now-How ကလည်း ပရိသတ်တွေအတွက် ကံစမ်းမဲ ဖောက်ပေးခဲ့တာ တွေ့ရပါတယ်။

ဇမ်နူးကလည်း ဒီပွဲမှာ အားဖြည့်သီဆိုပေးခဲ့သလို ကိုမျိုးကျော့မြိုင်လည်း အချစ်သီချင်းကိုလာရောက် သီဆိုပေးခဲ့ပါသေးတယ်။ စိုင်းစိုင်းက သီချင်းအသစ်၂-ပုဒ် ၃-ပုဒ်ကိုလည်း ထည့်သွင်းသီဆိုခဲ့တာ တွေ့ရပါတယ်။ မွေးနေ့ပွဲအမှတ်တရ ဖျော်ဖြေတဲ့ ဒီလိုက်ဖ်ရှိုးဟာ လက်မှတ်ဝယ်ပြီးအားပေးရတာဖြစ်ပေမယ့် ပရိသတ်တွေကတော့ အားရလောက်အောင် များပြားလျက်ပါပဲ။ ဗွီစီဒီအဖြစ် ထွက်လာတဲ့အခါ နောက်ထပ် ထူးခြားမှုတွေကို ဘယ်လိုထည့်သွင်းထားဦးမလဲဆိုတာ စိုင်းစိုင်းခမ်းလှိုင် ပရိသတ်များ စောင့်မျှော်အားပေးလိုက်ကြပါဦးနော်။
-CZA-

1 Comments:

At 11:50 上午, Blogger NLS said...

ကိုအောင်ကျော်မင်းရေ

ကျေးဇူးပြုပြီး ဖောင့် ဖိုင်လေးကို သီးသန့် အကောင့်ဖွင့်ပြီး တင်ထားပေးပါလားဗျာ။ ဒီဆိုဒ်က ဘန်းဝစ် ၁၅ မက်ဂါဘိုက်ပဲ ပေးပါတယ်။ ပြီးတော့ ကျွန်တော့် တစ်ချို့ ပုံတွေက အဲဒီကနေ လင့်ခ်လုပ်ထားတာပါ။ ဘန်းဝစ် ကုန်သွားတဲ့အခါ အဲဒါတွေ အားလုံး အဆက်ပြတ်ကုန်လို့ပါ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

 

張貼留言

<< Home

အပေါ်သို့